မြန်မာစစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ဆက်နွယ်သည့် ထိုင်းစွမ်းအင်ကုမ္ပဏီများဖြစ်သော PTT၊ PTTEP နှင့် Northern Gulf Petroleum တို့အပေါ် စုံစမ်းစစ်ဆေးရန် ထိုင်း လူ့အခွင့်အရေးကော်မရှင်အား လူ့အခွင့်အရေးအဖွဲ့များမှ တိုက်တွန်းတောင်းဆို

သတင်းထုတ်ပြန်ချက်

မေလ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်

Blood Money Campaign (Myanmar/Burma) နှင့် Campaign for a New Myanmar တို့သည် ၂၀၂၆ ခုနှစ် မေ ၂၅ ရက်နေ့တွင် ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ထံ တရားဝင်တိုင်ကြားစာတင်သွင်းခဲ့ပြီး၊ မြန်မာနိုင်ငံအတွင်း ထိုင်းရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုများကြောင့် နယ်စပ်ဖြတ်ကျော် လူ့အခွင့်အရေးထိခိုက်မှုများကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့များသည် ၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာလုယူပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်း PTT၊ PTTEP နှင့် Northern Gulf Petroleum တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို စုံစမ်းစစ်ဆေးရန် တိုက်တွန်းထားသည်။ ယင်းကုမ္ပဏီများမှ ရရှိသည့် ဝင်ငွေများသည် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများ ကျူးလွန်နိုင်စွမ်းကို အားပေးထောက်ပံ့နေပြီး၊ ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မူများ (UN Guiding Principles on Business and Human Rights) နှင့် OECD ၏ နိုင်ငံစုံကုမ္ပဏီများဆိုင်ရာ လမ်းညွှန်ချက်များ (OECD Guidelines for Multinational Enterprises) ကို ချိုးဖောက်နေသည်။ ထိုင်းအစိုးရအနေဖြင့် UN Guiding Principles၊ ထိုင်းနိုင်ငံ၏ National Action Plan on Business and Human Rights နှင့် OECD အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းနေသည့် အခြေအနေတွင် OECD Guidelines အပါအဝင် နိုင်ငံတကာဥပဒေများကို လိုက်နာစေရန် အာမခံပေးရမည်ဖြစ်သည်။ 

တရားမဝင်မြန်မာစစ်အုပ်စုသည် မြန်မာပြည်သူများအပေါ် လက်နက်အင်အားအသုံးပြုကာ အာဏာဆက်လက် လုယူထားဆဲဖြစ်သည်။ အာဏာသိမ်းမှုကို ဦးဆောင်စီမံခဲ့သူနှင့် စစ်အုပ်စုခေါင်းဆောင်ဖြစ်သူ မင်းအောင်လှိုင်သည် စစ်တပ်ထိန်းချုပ်ထားသော လွှတ်တော်မှ အတုအယောင်ရွေးကောက်ပွဲအပြီး “သမ္မတ” အဖြစ်ခန့်အပ်ခံထားရသည်။ ဒီမိုကရေစီသို့ ကူးပြောင်းနေသည်ဟု လူသိရှင်ကြား လှည့်ဖြားပြောဆိုနေသော်လည်း စစ်အုပ်စုသည် အရပ်သားများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် နေ့စဉ်လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ကျူးလွန် နေဆဲ ဖြစ်သည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တရားမဝင် စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း လူပေါင်း ၉၃,၀၀၀ နီးပါး သေဆုံးခဲ့ပြီး၊ စစ်အုပ်စုက လူပေါင်း ၂၀,၀၀၀ ကျော်ကို မတရားဖမ်းဆီးထိန်းသိမ်းခဲ့ကာ လေကြောင်းတိုက်ခိုက်မှု ၇,၂၀၁ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၄,၄၉၆ ဦး သေဆုံးခဲ့သည်။ ထိုသေဆုံးသူများတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များလည်း ပါဝင် သည်။ 

ရတနာ၊ ဇောတိကနှင့် ရဲတံခွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်သန်းသည့် တနင်္သာရီတိုင်းဒေသကြီးတွင် ပဋိပက္ခများ ပိုမိုပြင်းထန်လာခဲ့ပြီး၊ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကာ သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးထိန်းသိမ်းမှုများနှင့် ပိုင်ဆိုင်မှုဖျက်ဆီးမှုများအပါအဝင် ကျယ်ပြန့်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပွားခဲ့သည်။ 

ဥာဏ်လင်းသစ် သုတေသန (Nyan Lynn Thit Analytica) ၏ အချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၆ ခုနှစ် ဧပြီလအထိ မြန်မာစစ်အုပ်စုသည် တနင်္သာရီတိုင်းဒေသကြီးအတွင်း လေကြောင်းတိုက်ခိုက်မှု ၂၅၃ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၆၃ ဦး သေဆုံးကာ ၁၃၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီမှ ဧပြီအထိ လေးလအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁၁ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး လူ ၇၆ ဦး သေဆုံးခဲ့သည်။ ရတနာကမ်းလွန်မှ ထိုင်းနိုင်ငံသို့ သွယ်တန်းထားသည့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းရာ ရေဖြူမြို့နယ်တွင်လည်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်နှင့် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၁ ကြိမ် ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၆ ဦး သေဆုံးခဲ့သည်။

ထိုင်းကုမ္ပဏီများဖြစ်သော PTT၊ PTTEP နှင့် Northern Gulf Petroleum တို့သည် မြန်မာစစ်အုပ်စုအတွက် နှစ်စဉ် အမေရိကန် ဒေါ်လာ ၁ ဘီလီယံကျော် ဝင်ငွေဖန်တီးပေးနေပြီး၊ ၎င်းသည် စစ်အုပ်စု၏ အကြီးဆုံး တရားဝင်နိုင်ငံခြားဝင်ငွေရင်းမြစ် ဖြစ်ကာ မြန်မာနိုင်ငံတွင် ဆက်လက်ဖြစ်ပွားနေသော ရက်စက်ကြမ်းကြုတ်မှုများကို အထောက်အပံ့ဖြစ်နေစေသည်။ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာနေသည့်အချိန်တွင် PTTEP သည် ရတနာ နှင့် ဇောတိက စီမံကိန်းများတွင် ထုတ်လုပ်မှုတိုးမြှင့်ရန်နှင့် အောင်သိင်္ခ စီမံကိန်းအသစ်ကို စတင်နိုင်ရန် စစ်အုပ်စုနှင့် ညှိနှိုင်းနေပြီး၊ စစ်အုပ်စုအနေဖြင့် အရေးယူပိတ်ဆို့မှုများကို ရှောင်လွှဲနိုင်စေရန်လည်း ကူညီပေးနေသည်။ ထို့အတူ Northern Gulf Petroleum ၏ လက်အောက်ခံ Gulf Petroleum Myanmar သည်လည်း မကြာသေးမီက မင်းရဲသူ စီမံကိန်းအတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်။

တိုင်ကြားစာသည် ကော်မရှင်အနေဖြင့် တရားဝင် စုံစမ်းစစ်ဆေးမှုတစ်ရပ် ပြုလုပ်ပြီး ထိခိုက်နစ်နာခံရသော လူမှုအသိုင်းအဝိုင်းများနှင့် အရပ်ဘက်အဖွဲ့အစည်းများထံမှ အထောက်အထားများ စုဆောင်းကာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် (UN Special Rapporteur) နှင့် OHCHR တို့၏ အကြံပြုချက်များ (အထူးသဖြင့် မြန်မာ့ သဘာဝဓာတ်ငွေ့ဝင်ငွေများအပေါ် ပစ်မှတ်ထားအရေးယူမှုများ အပါအဝင် ) ကို ထည့်သွင်းစဉ်းစားရန် တောင်းဆိုထားသည်။  

ဤတိုင်ကြားစာတွင် PTT၊ PTTEP နှင့် Northern Gulf Petroleum တို့ကို တိကျသေချာသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန် အပါအဝင် ဓာတ်ငွေ့ဝင်ငွေများကို escrow accounts (စစ်အုပ်စု ထုတ်ယူမသုံးစွဲနိုင်သည့် အကောင့်) များထဲသို့ ထားရှိခြင်း၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ကဏ္ဍသို့ ရင်းနှီးမြှုပ်နှံမှုအသစ်များကို ရပ်ဆိုင်းခြင်းနှင့် ရှောင်လွှဲမရသော လူ့အခွင့်အရေးအန္တရာယ်များ ဖြစ်ပေါ်နေသည့် လုပ်ငန်းများမှ တာဝန်ယူစွာ လုပ်ငန်းလျှော့ချ/ထွက်ခွာခြင်း တို့ကို တောင်းဆိုထားသည်။ ထို့အပြင် တိုင်ကြားချက်တွင် အဆိုပါကုမ္ပဏီများက စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများတွင် ထပ်မံပံ့ပိုးမှု မပြုစေနိုင်ရန် စစ်အုပ်စုထံ ငွေပေးချေမှုများ ရပ်တန့်စေခြင်း၊ အရေးယူပိတ်ဆို့မှုများကို လိုက်နာအောင် တင်းကျပ်စွာ စောင့်ကြည့်အကောင်အထည်ဖော်ခြင်းနှင့် မဖြစ်မနေ လိုက်နာရမည့် လူ့အခွင့်အရေးဆိုင်ရာ due diligence ဥပဒေများ ပြဋ္ဌာန်းရန် ထိုင်းအစိုးရကိုလည်း တိုက်တွန်းထားသည်။ 

သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့ Blood Money Campaign (BMC) မှ Mulan က  စစ်အုပ်စုက MOGE ကို အပြည့်အဝ ထိန်းချုပ်ထားပါတယ်။ ထိုင်းနိုင်ငံပိုင် PTT ကုမ္ပဏီ၊ သူ့ရဲ့ လက်အောက်ခံ PTTEP နဲ့ ထိုင်းပုဂ္ဂလိကပိုင် Northern Gulf Petroleum တို့ဟာ မြန်မာစစ်အုပ်စုရဲ့ ဆက်လက်ကျူးလွန်နေတဲ့ ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆောင်ရွက်နိုင်ဖို့ လစဉ် ထိုင်းဘတ်ငွေသန်းပေါင်း များစွာ ပေးချေ ထောက်ပံ့နေတာပါ။  ဒါဟာ စစ်အုပ်စုရဲ့ နေ့စဉ် အရပ်သားတွေအပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ငွေကြေးဆိုင်ရာ ပူးပေါင်းပါဝင်မှု ဖြစ်ပါတယ်။  ဓါတ်ငွေ့ ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက်က လူမှုအသိုင်းအဝိုင်းတွေနဲ့ နိုင်ငံတဝန်းက အရပ်သား ပြည်သူတွေဟာ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။  ဒီကုမ္ပဏီတွေက နိုင်ငံတကာ စီးပွားရေးနဲ့ လူ့အခွင့်အရေး စံနှုန်းတွေကို ချိုးဖောက်နေပြီး ထိုင်းနိုင်ငံရဲ့ OECD ဝင်ရောက်ရေး ရည်မှန်းချက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျတော်တို့ တောင်းဆိုတာက ထိုင်းနိုင်ငံ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ထောက်ပံ့နေတဲ့ ငွေပေးချေမှုတွေကို ရပ်တန့်ပေးဖို့ပါ။  

Campaign for a New Myanmar (CNM) ၏ Senior Policy Advisor ဖြစ်သူ Keel Dietz က   စစ်အုပ်စုဟာ မြန်မာပြည်သူ တွေအပေါ်  အကြမ်းဖက်စစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့အသုံးပြုနေတဲ့ လက်နက်တွေ ဝယ်ယူသုံးစွဲဖို့  နဲ့ စစ်တပ်အတွက် ခိုင်မာတဲ့ နိုင်ငံခြားငွေ (hard currency) လိုအပ်နေပါတယ်။ PTT, PTTEP နဲ့ NGP တို့အနေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေက စစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေး မထောက်ပံ့မိအောင် တတ်နိုင်သမျှ လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်ရပါမယ်။ မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့မြေများမှ ရရှိတဲ့ ဝင်ငွေတွေဟာ အာဏာရှင် စစ်အုပ်စုပိုင်တာ မဟုတ်ဘဲ ပြည်သူတွေပိုင်ဆိုင်တဲ့ ဝင်ငွေ ဖြစ်ပါတယ်။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဟာ အဲဒီငွေတွေကို မြန်မာပြည်သူများရဲ့ အနာဂတ် ဒီမိုကရက်တစ်အစိုးရ အတွက်  အက်စခရို အကောင့် ( စစ်အုပ်စု ထုတ်ယူသုံးစွဲလို့ မရသည့် အကောင့်) ထဲ ထည့်ထားရပါမယ်။  

NHRCT complaint letter အား download ရယူရန်: https://drive.google.com/file/d/1VeGxpqdiCwNo5fDyTeKVWZFpgtMrGPG4/view?usp=sharing&fbclid=IwY2xjawSh4jFleHRuA2FlbQIxMABicmlkETEzMFV1Q2RWdWp1MFNBSU12c3J0YwZhcHBfaWQQMjIyMDM5MTc4ODIwMDg5MgABHikNLAvFYeZ4oP7Z8vd92fYfiSbWtymvCzaSaDymFdNGfkmNRJQm9ycm8gxn_aem_R7cgp3Uvf5y2dU2sY6k2QA

ပိုမိုသိရှိလိုပါက ဆက်သွယ်ရန် — 

Mulan, Head of Organisation, Blood Money Campaign (BMC), bloodmoneycampaign21@protonmail.com 

Signal: @Raindrop.14 (Signal Username) 

Keel Dietz, Senior Policy Advisor, Campaign for a New Myanmar (CNM), keel.dietz@newmyanmar.org

Signal/cell : 1-952-465-2030

_

Blood Money Campaign (BMC) သည် စစ်အာဏာရှင်စနစ်နှင့် မြန်မာ စစ်အုပ်စု၏ဖိနှိပ်မှုများကို ဆန့်ကျင်တိုက်ပွဲဝင်နေသော  လူမျိုးစု၊ လူနည်းစု၊ မသန်စွမ်းသူ၊ ငြိမ်းချမ်းရေး၊ ပညာရေး၊ အရပ်ဘက် ဆက်ဆံရေး၊ သုတေသန၊ IT နှင့် နောက်ခံအသီးသီးမှ လူမှုရေးဆိုင်ရာ လူငယ်တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားများ စုပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သည်။ စစ်အုပ်စု၏  နိုင်ငံခြားဝင်ငွေရင်းမြစ်လမ်းကြောင်းများကို ဖြတ်တောက်ပြီး ၎င်း၏ စစ်ရေးအင်အားကို အားနည်းစေရန်နှင့် စစ်အုပ်စုနှင့် ဆက်လက် စီးပွားရေးလုပ်ဆောင်နေသည့် ကုမ္ပဏီများကို တာဝန်ခံစေရန် ရည်ရွယ်သည်။

Campaign for a New Myanmar (CNM) သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ပြန်လည်ဖော်ဆောင်ရန် ရည်ရွယ်ထားသော တက်ကြွလှုပ်ရှားသူများ၊ မူဝါဒရေးဆွဲသူများနှင့် ပြည်ပရောက်မြန်မာများ စုပေါင်းထားသော အဖွဲ့ဖြစ်သည်။ CNM သည် ဝါရှင်တန်ဒီစီအခြေစိုက် 501(c)(3) အဖွဲ့အစည်းဖြစ်သော International Campaign for the Rohingya ၏ လှုပ်ရှားမှုတခုဖြစ်သည်။ 

သတင်း ထုတ်ပြန်ချက် PDF file များ –

MM: https://drive.google.com/file/d/1qi4xQ2Y13cwHAjhC9hjbIKem_gd_1vSf/view?usp=sharing

Eng: https://drive.google.com/file/d/1v5bDNjoNYYPDrr7qyvl8CXbM2SwCEfhv/view?usp=sharing

Thai: https://drive.google.com/file/d/1ULv9Q5QGPkc4l_fEUGLG2ZmDY_rKsHTx/view?usp=sharing

Scroll to Top