သတင်းထုတ်ပြန်ချက်
စက်တင်ဘာလ ၄ရက်၊ ၂၀၂၆ ခုနှစ်။
အမှတ်စဉ်။ ။ ၄ / ၂၀၂၆
လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများအတွက် လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေး
ထောက်ပံ့ရေးကွင်းဆက်နှင့် နိုင်ငံတကာ၏ ပူးပေါင်းပါဝင်မှုကို အဆုံးသတ်ပါ။
စီးဆင်းမှုကို ရပ်တန့်ပါ။
မြန်မာစစ်အုပ်စုသည် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုများကို ကျူးလွန်နိုင်နေခြင်းမှာ လျှို့ဝှက်ချက်မဟုတ်ပါ။ ရရှား၊ တရုတ်၊ အိန္ဒိယ၊ အာဆီယံ အပါအဝင် အီးယူ (ဥရောပ သမဂ္ဂ )နှင့် အနောက်နိုင်ငံများ၊ အီရန်၊ ယူအေအီး၊ ယူကေ စသည့် နိုင်ငံတကာကုမ္ပဏီများနှင့် အစိုးရအချို့၏ ရေကြောင်းအာမခံပေးမှု၊ တင်သွင်း၊ ရောင်းချ၊ သယ်ယူ၊ သိုလှောင်ဖြန့်ဖြူးပေးနေသော လေကြောင်းလောင်စာဆီ ကွင်းဆက်မှ စီးဆင်းလာသော “လေယာဉ်ဆီ” များကြောင့်သာ ဖြစ်သည်။ လေယာဉ်ဆီတဂါလံတိုင်းသည် စစ်အုပ်စု၏ လူသတ်ယန္တရားကို လည်ပတ်စေသော အသက်သွေးကြောဖြစ်သည်။ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် လေကြောင်းဗုံးကြဲမှုခံနေရသော တခုတည်းသော နိုင်ငံဖြစ်ပါသည်။
မိမိကိုယ်ကို သမ္မတဟုကြေညာထားသော မင်းအောင်လှိုင်ခေါင်းဆောင်၏ မြန်မာစစ်အုပ်စုသည် အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး နေ့စဉ် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုများကို ဆက်လက် ပြုလုပ်နေဆဲဖြစ်သည်။ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာလုယူခဲ့သည့်အချိန်မှ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ အထိ မြန်မာစစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း အနည်းဆုံး ၇,၆၅၈ ခု ကျူးလွန်ခဲ့ပြီး၊ မွေးကင်းစကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုအပါအဝင် အပြစ်မဲ့အရပ်သား အနည်းဆုံး ၄,၆၇၈ ဦး အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့၏ “မိစ္ဆာ လေတပ်စခန်းများနှင့် သွေးစွန်း လောင်စာဆီ” သုတေသနအခြေပြု မူဝါဒ အစီရင်ခံစာတွင် မြန်မာစစ်အုပ်စု၏ လေယာဉ်ဆီ အသုံးပြုမှုပုံစံ၊ လေကြောင်း အကြမ်းဖက်မှု စစ်ဆင်ရေး သတ်ဖြတ်မှုကွင်းဆက်တွင် ပါဝင်ပတ်သက်နေသည့် လေတပ်စခန်းဌာနချုပ်များ၊ အရပ်ဘက်သုံး လေယာဉ်ကွင်းများ (လေဆိပ်များ)၊ တိုင်းစစ်ဌာနချုပ်များ၊ တပ်ရင်းတပ်မများ၊ ကာကွယ်ရေးနှင့် စစ်လက်နက် ပစ္စည်းစက်ရုံများ၊ အသုံးပြုသည့် စစ်လေယာဉ် အမျိုးအစားများကို ဖော်ထုတ်တင်ပြထားသည်။
စစ်အုပ်စုသည် ဗုံးကြဲတိုက်ခိုက်မှုများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ လက်နက်နှင့် ခဲယမ်းများ၊ လိုအပ်သည့် အစိတ်အပိုင်းများ သယ်ယူပို့ဆောင်ခြင်း၊ ကင်းလှည့်ခြင်းနှင့် လေ့ကျင့်ရေး လှုပ်ရှားမှုများမှ စ၍ နောက်ဆုံးဗုံးကြဲ တိုက်ခိုက်မှုအထိ စစ်ဆင်ရေးအဆင့်တိုင်းတွင် တိုက်လေယာဉ် (Fighter Jets) ၉ မျိုး SU-30SME ၊ MiG-29B ၊ Yak-130 ၊ JF-17၊ K-8 ၊ FTC-2000G ၊ F-7M ၊ A-5 ၊ G-4 ၊ ရဟတ်ယာဉ် (Chopper/ Helicopter) ၈ မျိုး Mi-35 ၊ Mi-17 ၊ Mi-2၊ Mi-38 ၊ Eurocopter H-125 ၊ Eurocopter AS-365 ၊ EC-120 Colibri ၊ Ka-28 နှင့် သယ်ယူပို့ဆောင်ရေး လေယာဉ် ၉ မျိုး Y-8 ၊ Y-12 ၊ Fokker-70 ၊ ATR-42၊ ATR -72 ၊ Beechcraft-1900D ၊ ATR-42 (MPA) ၊ Grob G 120TP နှင့် Let L- 410 Turbolet စသည့် လေယာဉ်များကို စနစ်တကျ အသုံးပြုလျက်ရှိပါသည်။
၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၆ ရက်အထိ သုံးလအတွင်း အရပ်ဘက်သုံး လေယာဉ်ကွင်း (လေဆိပ်) ၇ ခုကို စစ်ရေး သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် အသုံးပြုခဲ့ပါသည်။ ထိုလေယာဉ်ကွင်းများအနက် မော်လမြိုင် လေယာဉ်ကွင်းကို လေကြောင်းတိုက်ခိုက်မှုများတွင်လည်း အသုံးပြုထားသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် လေတပ်စခန်းများနှင့် အရပ်ဘက်လေယာဉ်ကွင်းများအပါအဝင် စစ်အုပ်စုသည် ကလေးများ၏ ကျောင်း ပညာရေးအဆောက်အအုံများကိုလည်း စခန်းချနေရာများအဖြစ် အသုံးပြု၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါသည်။ ရေဦး အထက (၁) တွင် စစ်အုပ်စု၏ Mi-17 ရဟတ်ယာဉ် အတက်အဆင်း ပြုလုပ်ခဲ့သည်ကို တွေ့ရှိရပါသည်။ ရေဦး အထက (၁) ကဲ့သို့သော စာသင်ကျောင်းကို စစ်ဘက်ဆိုင်ရာ အသုံးအဆောင်များ သို့မဟုတ် စစ်စခန်းများအဖြစ် အသုံးပြုခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်ပါသည်။
စစ်အုပ်စုသည် အရပ်သားပြည်သူများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ၊ လေယာဉ်မောင်းသင်တန်းနှင့် လေ့ကျင့်ရေးလုပ်ငန်းများ၊ လက်နက်နှင့် ခဲယမ်းများ သယ်ယူပို့ဆောင်ရေးနှင့် စစ်ကူပို့ဆောင်ရေး လုပ်ငန်းများအတွက် အဓိကအားထား အသုံးပြုနေသော လေတပ်စခန်းမှာ တံတားဦး လေတပ်စခန်း – လတခ (တတဥ) ဖြစ်သည်။ တံတားဦး လေတပ်စခန်းမှ အများဆုံး ထွက်ခွာသည့် လေယာဉ်များသည် လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသည်ကို တွေ့ရှိရသည်။ မကွေး လေတပ်စခန်းဌာနချုပ်နှင့် ပုသိမ် လေတပ်စခန်းဌာနချုပ်တို့ကိုလည်း လေ့ကျင့်ရေး လှုပ်ရှားမှုများနှင့် လေကြောင်းဗုံးကြဲ စစ်ဆင်ရေးများအတွက် အဓိကအားထား အသုံးပြုနေသည်ကို တွေ့ရှိရသည်။
လေကြောင်းတိုက်ခိုက်မှုများနှင့် ဆက်စပ်သည့် ပြင်ဆင်ရေးလုပ်ငန်းများ၊ လေကြောင်းစစ်ဆင်ရေးများနှင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများအတွက် စစ်အုပ်စုသည် သုံးလတာကာလအတွင်း လေယာဉ် အတက်အဆင်း စုစုပေါင်း ၇,၃၇၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ၃ လ အတွင်း လေယာဉ်ပျံသန်းကြာချိန် (လေယာဉ်အသုံးပြု ကြာချိန်) စုစုပေါင်း ၈,၈၇၁ နာရီ ၄၅ မိနစ် (၈,၈၇၂ နာရီ နီးပါး) အတွက် လေယာဉ်ဆီ အင်ပီရီယံဂါလံ (၃.၉) သန်းကျော် အသုံးပြုခဲ့ပြီး ၎င်းအတွက် အမေရိကန်ဒေါ်လာ (၁၀) သန်းခန့် သုံးစွဲခဲ့သည်။
နိုင်ငံတကာကုန်သွယ်ရေးကွန်ရက်များမှတဆင့် မြန်မာနိုင်ငံသို့ လေယာဉ်ဆီများဆက်လက်ရောက်ရှိနေပြီး စစ်အုပ်စုက အရပ်သားများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နိုင်ရန် ထောက်ပံ့နေခြင်းဖြစ်သည်။ လေယာဉ်များအားလုံးတွင် Jet A-1 အမျိုးအစား လေယာဉ်ဆီကို အဓိကအားထား အသုံးပြုလျက်ရှိသည်။ မြန်မာနိုင်ငံအတွင်းရှိ လေယာဉ်ဆီ ကုမ္ပဏီများကို ပစ်မှတ်ထားသည့် နိုင်ငံတကာအရေးယူပိတ်ဆို့မှုများ ရှိနေသော်လည်း နိုင်ငံတကာ လေယာဉ်ဆီပေးသွင်းသူများ၊ ကြားခံကုမ္ပဏီများ၊ သင်္ဘောနှင့်ဆက်စပ်လုပ်ငန်းများ၊ ဆီသိုလှောင်ရုံများနှင့် အခြားထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်သူများအပေါ် ထိရောက်သော ကြီးကြပ်စစ်ဆေးမှုနှင့် အရေးယူမှုများ အားနည်းနေဆဲဖြစ်သည်။
မြန်မာ့ရေနံနှင့် သဘာဓါတ်ငွေ့လုပ်ငန်း (MOGE) သည် နှစ်စဉ် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိနေသည်။ ထိုင်းကုမ္ပဏီ PTT၊ Gulf Petroleum Myanmar (GPM) နှင့် တောင်ကိုရီးယားကုမ္ပဏီ POSCO တို့သည် မြန်မာစစ်အုပ်စုထံ ဓါတ်ငွေ့ဝင်ငွေများကို လစဉ်ဒေါ်လာနှင့် ဘတ် ငွေကြေးမျာ သန်းချီပေးဆောင်နေသည်။ ထိုဝင်ငွေများသည် လက်နက်၊ လေယာဉ်ဆီ၊ စစ်လေယာဉ်နှင့် အခြား စစ်ရေးပစ္စည်းများကို နိုင်ငံတကာနှင့် ကြားခံဘဏ်၊ ငွေလွှဲကွန်ရက်များမှတဆင့် ဝယ်ယူနိုင်သည့် အခြေအနေရှိကြောင်း သုတေသနနှင့် အပြည်ပြည်ဆိုင်ရာ အစီရင်ခံစာများက သုံးသပ်ထားသည်။
သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နွေဦးလီလီ က
“ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လေကြောင်းဗုံးကြဲမှု စစ်ရာဇဝတ်မှုတွေမှာ နိုင်ငံတကာအစိုးရတွေနဲ့ ကုမ္ပဏီတွေက ငွေကြေး၊ စစ်လေယာဉ်နဲ့ လေယာဉ်ဆီ ထောက်ပံ့နေတဲ့ ကွင်းဆက်တခုလုံးမှာ ပါဝင်ပတ်သက်နေပါတယ်။ နိုင်ငံတကာရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်တခုလုံးအပေါ် သက်ဆိုင်ရာ အစိုးရတွေက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘူးဆိုရင် လေကြောင်းဗုံးကြဲမှု မရပ်တန့်နိုင်ပါဘူး။
မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) ကနေ လစဉ်ရနေတဲ့ ဒေါ်လာသန်းချီဝင်ငွေတွေက စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ လက်နက်၊ လေယာဉ်၊ လေယာဉ်ဆီ နဲ့ စစ်ရေးယန္တရား တခုလုံးကို ဘယ်လိုထောက်ပံ့နေနိုင်သလဲဆိုတဲ့ ငွေကြေးစီးဆင်းမှု တခုလုံးကိုကြည့်ရပါမယ်။
MOGE ကို အမေရိကန်အစိုးရက အပြည့်အဝဆန်ရှင်ချဖို့နဲ့ ကနေဒါ အစိုးရကလည်း ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ အရေးတကြီး လိုအပ်နေပါတယ်။ နိုင်ငံတကာကနေ လက်နက်၊ စစ်လေယာဉ်၊ လေယာဉ်ဆီတွေဝယ်ယူဖို့ စစ်အုပ်စုအသုံးပြုနေတဲ့ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် Myanma Foreign Trade Bank (MFTB) ကိုလည်း EU နဲ့ UK က ဆန်ရှင်ချဖို့လိုအပ်ပါတယ်။
စစ်အုပ်စုက နိုင်ငံတကာကနေ လေယာဉ်ဆီ ကိုရေကြောင်းကနေ သယ်နေတာမို့ UK အစိုးရအနေနဲ့လည်း ရေကြောင်းအာမခံ ပိတ်ဆို့မှုကို အမြန်ဆုံးလုပ်ဖို့လိုပါတယ်။
နိုင်ငံထဲ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးရေး ကွင်းဆက်မှာ ပါဝင်နေတဲ့ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း (MPE)ကိုလည်း နိုင်ငံတကာအစိုးရအားလုံးက စုပေါင်းညှိုနှိုင်းပြီး အတူတကွ ဒဏ်ခတ်ပိတ်ဆို့မှု (Coordinated Sanctions) လုပ်ဖို့လိုအပ်ပါတယ်။ ” ဟုပြောသည်။
“မိစ္ဆာ လေတပ်စခန်းများနှင့် သွေးစွန်း လောင်စာဆီ” သုတေသနအခြေပြု မူဝါဒ အစီရင်ခံစာကို ယခုလင့်ခ်မှတဆင့် ရယူပါ။
ပိုမိုသိရှိလိုပါက
သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု : bloodmoneycampaign21@protonmail.com

![[သတင်းထုတ်ပြန်ချက်] ရာဇဝတ်ဂိုဏ်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများကို နိုင်ငံတကာမှ ဆက်လက်ပံ့ပိုးနေသဖြင့် နေ့စဉ် ရှင်သန် ရပ်တည်ရန် ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်နေ](https://bmcburma.com/wp-content/uploads/2025/01/Close-the-sky-cover-212x300.jpeg)
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcburma.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)