- ကျောက်ဖြူမှ တရုတ်နိုင်ငံသို့ ၊ ကံပေါက်မှ ထိုင်းနိုင်ငံသို့
- အကြိမ်ရေ ၇၄၀ နီးပါး လေကြောင်းဗုံးကြဲခံထားရတဲ့ သွေးစွန်းပိုက်လိုင်းတလျှောက်က မြို့ရွာများ
မြို့နယ်ပေါင်း ၂၂ မြို့နယ်ကို ဖြတ်သွားတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မန္တလေး၊ မကွေးနဲ့ ရှမ်းမြောက် ကနေ တရုတ်နိုင်ငံ ကူမင်းဒေသအထိ ချိတ်ဆက်ထားတဲ့ ရွှေစီမံကိန်း သဘာဝဓါတ်ငွေ့ပိုက်လိုင်းနဲ့ ရတနာ၊ ရဲတံခွန်၊ ဇောတိက စီမံကိန်းတွေတည်ရှိတဲ့ တနင်္သာရီတိုင်းဒေသကြီး (ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ အပါအဝင်) မှ ထိုင်းနိုင်ငံကို တင်ပို့နေတဲ့ ဓာတ်ငွေ့ပိုက်လိုင်းတွေဟာ အကြမ်းဖက် စစ်အုပ်စုအတွက် နှစ်စဉ် သွေးစွန်းငွေ ဒေါ်လာ အနည်းဆုံး ၁.၅ ဘီလီယံ ရှာဖွေပေးနေတာပါ။ ဒါ့အပြင် အခုဆို မြန်မာပြည်တောင်ပိုင်း မုတ္တမကမ်းလွန်နဲ့ တနင်္သာရီကမ်းလွန် ဒေသတို့မှာ စီမံကိန်းအသစ် ၄ ခုပါ ထပ်မံလုပ်ဆောင်နေကြပါတယ်။
သွေးစွန်းငွေဆိုတဲ့အတိုင်းပဲ ပိုက်လိုင်းတွေ စတင်တဲ့ ၁၉၉၀ နှစ်လွန်များတည်းက ပိုက်လိုင်းဖြတ်ရာတလျှောက်က ဒေသခံတွေဟာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးခဲ့ရ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခံခဲ့ရပါတယ်။
အာဏာလုယူပြီးနောက်ပိုင်းမှာလည်း မိမိကိုယ်ကို သမ္မတလို့ ကြေညာထားတဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်အုပ်စုဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းတွေရှိတဲ့ ဒေသတွေနဲ့ ပိုက်လိုင်းတစ်လျှောက်က မြို့နယ်၊ ကျေးရွာတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေအပါအဝင် စစ်ရာဇဝတ်မှုမျိုးစုံကို နေ့စဉ်ကျူးလွန်နေပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့ရဲ့ အချက်အလက်အရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၄ ရက်အထိ ရွှေဓာတ်ငွေ့စီမံကိန်း တည်ရှိရာ ရခိုင်ပြည်နယ်တခုလုံးမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် ၉၄၅ ခု ရှိခဲ့ပြီး အရပ်သား ၇၅၁ ဦး သေဆုံးကာ ၁,၃၇၉ ဦး ဒဏ်ရာရခဲ့ကြပါတယ်။
တရုတ်နိုင်ငံကို ဓာတ်ငွေ့ ပို့ဆောင်တဲ့ ပိုက်လိုင်းတွေ ဖြတ်သန်းရာ ရခိုင်ပြည်နယ် (အမ်း၊ ကျောက်ဖြူ)၊ မကွေးတိုင်း (ရေနံချောင်း၊ မကွေး၊ မင်းဘူး၊ ငဖဲ)၊ မန္တလေးတိုင်း (တောင်သာ၊ နထိုးကြီး၊ ကျောက်ပတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်)၊ ရှမ်းပြည်နယ်မြောက်ပိုင်း (ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ခမ်း၊ လားရှိုး) စတဲ့ မြို့နယ် ၁၆ ခုမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် ၇၂၆ ခု ရှိခဲ့ပြီး အရပ်သား ၃၇၆ ဦး သေဆုံးကာ ၆၆၅ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ဖော်ပြပါ မြို့နယ် ၁၆ ခုမှာ မြန်မာစစ်အုပ်စုက ကျူးလွန်တဲ့ လူ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၃၃ ခု ရှိခဲ့ပြီး အရပ်သား ၂၄၀ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ရတနာ၊ ရဲတံခွန်၊ ဇောတိက ဓာတ်ငွေ့စီမံကိန်းတွေ တည်ရှိရာ တနင်္သာရီတိုင်းဒေသကြီး တခုလုံးမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ် ၂၇၂ ခု ရှိခဲ့ပြီး အရပ်သား ၆၆ ဦး သေဆုံးကာ ၁၄၆ ဦး ဒဏ်ရာရခဲ့ကြပါတယ်။ ထို့အပြင် မြန်မာစစ်အုပ်စုက ကျူးလွန်တဲ့ လူ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၁၀ ခု ဖြစ်ပွားခဲ့ပြီး အရပ်သား ၇၁ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။
ယင်းအနက် ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ပိုက်လိုင်းတွေ ကမ်းတက်တဲ့ ရေဖြူမြို့နယ် (ကံပေါက်၊ ဇင်းဘ၊ ကလိန်အောင် ကျေးရွာများ အပါအဝင်) မှာ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ် ၇ ခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ ထို့အပြင် မြန်မာစစ်အုပ်စုက ကျူးလွန်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် ၁ ခု ရှိခဲ့ပြီး အရပ်သား ၅ ဦး အသက်သေဆုံးခဲ့ပါတယ်။
ဒီဓာတ်ငွေ့ပိုက်လိုင်းတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေ ၇၀% ကနေ ၈၀% ထိ ရှာဖွေပေးနေပြီး နှစ်စဉ် ကန်ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ သွေးစွန်းငွေတွေကို မြန်မာစစ်အုပ်စုက ရရှိနေတာပါ။ ဒီသွေးစွန်းငွေတွေနဲ့ပဲ စစ်အုပ်စုဟာ အာဏာသက်ဆိုးရှည်စေဖို့ လေယာဉ်ဆီ၊ လက်နက်၊ စစ်လေယာဉ်၊ အစိတ်အပိုင်းတွေနဲ့ နည်းပညာလိုအပ်ချက်တွေကို ဝယ်ယူရရှိနေတာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်း လူစည်ကားတဲ့ ဈေးချိန်မှာ ကျောက်တော်မြို့နယ်ရှိ ကစ္ဆပသီရိဈေးနဲ့ ကစ္ဆပနဒီတံတားကို မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
မြေပြင်သတင်းများအရ အရပ်သား အနည်းဆုံး ၅၀ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူထဲမှာ ကိုယ်ဝန်ဆောင် ၉လ မိခင်ပါဝင်သလို ထိုမိခင်ဟာ မီးလောင်းကျွမ်းနေဆဲမှာပင် ကလေးမွေးခဲ့ပြီး မိခင်ကော ကလေးကော မီးလောင်းကျွမ်းသေဆုံးခဲ့ရပါတယ်။ သေဆုံးအလောင်းအချို့ဟာ ပြာဖြစ်သွားတာကြောင့် သေဆုံးအရေအတွက် ယခုထက်ပိုနိုင်ပါတယ်။ ၅၈ ဦး ပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။
ဒီလို အရပ်သားတွေကိုပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ မြန်မာစစ်အုပ်စုက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) ကို ချိုးဖောက်ပြီး နေ့စဉ်ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပါတယ်။
မြန်မာစစ်အုပ်စုနဲ့ လက်တွဲပြီး ဓါတ်ငွေ့စီမံကိန်းတွေ ဆက်လက်လည်ပတ်နေတဲ့ ထိုင်း၊ ချိုင်းနား၊ တောင်ကိုရီးယား၊ အိန္ဒိယ ကုမ္ပဏီတွေဟာ မြန်မာစစ်အုပ်စုက အရပ်သားပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေ၊ ရာစက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေတာဖြစ်ပါတယ်။
နိုင်ငံတကာ ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်ပွါးနေတဲ့ ဒေသတွေမှာ စီမံကိန်း အဟောင်းတွေကို ဆက်လက်လည်ပတ်ရုံသာမက စီမံကိန်းအသစ်တွေအတွက် မြန်မာ စစ်အုပ်စု အပြည့်အဝ ထိန်းချုပ်ထားတဲ့ (MOGE) နဲ့ စာချုပ်လက်မှတ် ရေးထိုးနေကြပါတယ်။
ဒီစီမံကိန်းတွေထဲမှာ မုတ္တမကမ်းလွန်မှာ ထိုင်းနိုင်ငံပိုင်ကုမ္ပဏီ PTTEP (PTT လက်ခွဲ) က “အောင်သိင်္ခ” စီမံကိန်း (M-3), ထိုင်းပုဂ္ဂလိကပိုင်ကုမ္ပဏီ Gulf Petroleum Myanmar ( Northern Gulf Petroleum – NGP ကုမ္ပဏီခွဲ) က “မင်းရဲသူ” စီမံကိန်း (M-10), ကနေဒါအခြေစိုက်ကုမ္ပဏီ CFG Energy ( Canadian Foresight Group – CFG ကုမ္ပဏီခွဲ) က တနင်္သာရီကမ်းလွန်ရှိ “M-15” လုပ်ကွက် စီမံကိန်း နဲ့ ဧရာဝတီကမ်းလွန်မှာ စင်ကာပူမှတ်ပုံတင်ကုမ္ပဏီ MPRL E&P Pte Ltd. ရဲ့ ထိုင်းအခြေစိုက်လုပ်ငန်းခွဲ MPRL A-6 Limited က “ပြည်သာယာ” စီမံကိန်း (A-6) စတဲ့ စီမံကိန်းတွေ ပါဝင်ပါတယ်။
ဒါဟာ PTT, PTTEP, Gulf Petroleum Myanmar, MPRL A-6 Limited စတဲ့ ထိုင်းကုမ္ပဏီတွေ၊ CFG Energy လို ကနေဒါကုမ္ပဏီ နဲ့ ရွှေစီမံကိန်းမှာ လုပ်ငန်းကိုင်တွယ်ဆောင်ရွက်သူ အော်ပရေတာ ဖြစ်တဲ့ POSCO တောင်ကိုရီးယား ကုမ္ပဏီတို့ဟာ စီးပွါးရေးနဲ့ လူ့အခွင့်အရေးလမ်းညွှန်းချက်တွေကို အတိအလင်း ချိုးဖောက်နေပါတယ်။
#SanctionMOGE #StopPaymentToJunta #KeepInEscrowAccount
#BusinessAndHumanRights #BHR #IHL #AirStrikes #WhatsHappeningInMyanmar #BloodMoneyCampaignMM
![[ကြေညာချက်] Airbus ရှယ်ယာရှင်များ ပြင်သစ်၊ ဂျာမနီ နှင့် စပိန် အစိုးရတို့ အနေဖြင့် ၎င်းတို့၏ ဩဇာလွှမ်းမိုးနိုင်မှုကို အသုံးပြုခြင်းဖြင့် AVIC မှ ရာဇဝတ်ဂိုဏ်း စစ်အုပ်စုထံသို့ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းရောင်းချမှု၊ ပံ့ပိုးမှုများကို ရပ်တန့်ရန် (သို့) AVIC မှ နှုတ်ထွက်ရန် အိတ်ဖွင့်ပေးစာ ပေးပို့ခြင်း။](https://bmcburma.com/wp-content/uploads/2025/07/Pg1-2-212x300.jpg)
![[Announcement] Open letter to the governments of France, Germany and Spain, shareholders of Airbus SE, calling for Airbus to use its leverage to stop AVIC’s continued transfers of aircraft and associated equipment to the criminal Myanmar military junta, or divest](https://bmcburma.com/wp-content/uploads/2025/07/Pg1-1-2-212x300.jpg)
