သတင်းမီဒီယာများ ဖော်ပြချက်အရ ဧပြီ ၂၆ ( လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က) တနင်္သာရီတိုင်း၊ ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း ဆိုတဲ့ ကျွန်းပတ်ခရီးစဉ် စတင်ခဲ့ပါတယ်။ ဒီခရီးစဉ်မှာ ချက်နိုင်ငံထုတ် Let L-410 Turbolet လေယာဉ်တစီးကို အသုံးပြုနေပါတယ်။
L-410 Turbolet လေယာဉ်ဆိုတာ ချက်နိုင်ငံက ကာကွယ်ရေးနဲ့ အာကာသဆိုင်ရာ Omnipol Group (အိုမနီပိုလ် လုပ်ငန်း အုပ်စု) က ထုတ်လုပ်ပြီး မြန်မာနိုင်ငံမှာ (၅) စီးရှိပါတယ်။ ၅ စီးလုံးဟာ ၂၀၂၁ စစ်အာဏာသိမ်းပြီးမှာ ရောက်ရှိလာကြတာပါ။
အရပ်ဘက်အသုံးပြုဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၂၄ မှာ (၁) စီး၊ ၂၀၂၅ မှာ (၃) စီး၊ ၂၀၂၆ ဖေဖော်ဝါရီမှာ (၁) စီး စုစုပေါင်း L- 410 Turbolet (၅) စီးကို ချက်နိုင်ငံက ရောင်းချ ပေးပို့ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ Let – 410 Turbolet အနည်းဆုံး တစီးဟာ စစ်အုပ်စုရဲ့ အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးတွေမှာ အသုးပြုခဲ့တာကို သုတေသန အစီရင်ခံစာ၊ သတင်းထုတ်ပြန်ချက် နဲ့ လေကြောင်း ခြေရာခံ ဒေတာတွေအရ တွေ့ရှိခဲ့ရပါတယ်။
၂၀၂၅ ဇွန် ၁၆ ကနေ စက်တင်ဘာ ၁၆ — ၃ လအတွင်း သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ သုတေသန တွေ့ရှိချက်များအရ စစ်အုပ်စုဟာ L-410 Turbolet လေယာဉ်ကို ပုသိမ် လေတပ်စခန်းဌာနချုပ်နဲ့ တံတားဦး လေတပ်စခန်းတို့မှာ ထားရှိအသုံးပြုခဲ့တာကို တွေ့ရပါတယ်။ ၂၀၂၅ ခုနှစ် ဇွန်နှင့် ဇူလိုင်မှာ လေ့ကျင့်ရေးနဲ့ လက်နက်ခဲယမ်း သယ်ယူပို့ဆောင်ရေးအတွက် ဒီလေတပ်စခန်းတွေကနေ အတက်အဆင်းပြုလုပ်ခဲ့ပြီး စုစုပေါင်း ပျံသန်းရက် ၈ ရက်အတွင်း ခန့်မှန်းပျံသန်းချိန် အနည်းဆုံး (၁၃) နာရီကြာ အသုံးပြုခဲ့ကြောင်း တွေ့ရှိရပါတယ်။
Myanmar Witness အဖွဲ့ရဲ့ အစီရင်ခံစာ အရ မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ ဝေါလေဒေသ စစ်ပွဲဖြစ်ပွါးချိန် ၂၀၂၅ နိုဝင်ဘာလလယ်မှာ စစ်အုပ်စုဟာ L-410 လေယာဉ်ကနေ ရှေ့တန်းအတွက် ပစ္စည်းအထုပ်တွေ ချပေးခဲ့ကြောင်း အတည်ပြုထားပါတယ်။ ဒါ့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာလည်း မကွေးလေတပ်စခန်းဌာနချုပ်မှာ L-410 လေယာဉ် ရပ်နားထားတာကို တွေ့ရှိရပါတယ်။
ဒီဖြစ်စဉ်တွေဟာ မြန်မာ စစ်အုပ်စုရဲ့ အကြမ်းဖက် လေကြောင်းစစ်ဆင်ရေးတွေမှာ ပါဝင်နေတာကို လေကြောင်းခြေရာခံဒေတာနှင့် ပုံရိပ်အထောက်အထားများအရ တွေ့ရှိခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တဲ့ အချက်အလက်တွေပါ။
ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ရောင်းချပေးပို့ပါစေ မတရား အာဏာလုယူခဲ့တဲ့ မြန်မာ စစ်အုပ်စုဟာ နိုင်ငံတကာကနေ ရရှိနေတဲ့ ဘဏ္ဍာငွေ၊ လေယာဉ်၊ နည်းပညာ၊ မည်သည့်ပစ္စည်းကိုမဆို ပြည်သူတွေကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။
အခုလည်း ကျွန်းပတ်ခရီးစဉ် အမည်နောက်ကွယ်ကနေ တနင်္သာရီတိုင်း ဒေသက ပြည်သူတွေဟာ အသက်အန္တရာယ် စိုးရိမ်ကြီးမှုတွေ နဲ့ ရင်ဆိုင်နေရပါတယ်။ စစ်ဘက်-အရပ်ဘက် အသုံးပြုနိုင်တဲ့ L-410 လေယာဉ်တွေကို မြန်မာ စစ်အုပ်စုရဲ့ အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အသုံးပြုနေမှုတွေဟာ ဒေသခံပြည်သူတွေအတွက် အလွန်အမင်း ထိတ်လန့် စိုးရိမ်စရာဖွယ် အခြေအနေမှာရှိနေပါတယ်။



